(ထိရောက်အောင်မြင်သော သင်တန်းတစ်ခု ဖော်ဆောင်ရာမှာ ဘယ်သူက ဘယ်လိုမျိုးတာဝန်တွေရှိသလဲ။ အထူးသဖြင့် သင်တန်းသားများနဲ့ သင်တန်းဆရာကြားမှာ ရှိတဲ့ တာဝန်ယူမှုအကြောင်းကို မီးမောင်းထိုးပြထားတဲ့ ဆောင်းပါးတစ်ခုပါ။ သင်တန်းပေးခြင်းကို စိတ်ဝင်စားတဲ့သူတွေအတွက် စဉ်းစားစရာတွေ ရရှိလိမ့်မယ်လို့ ထင်ပါတယ်။)
“ကျွန်တော့်အမေကခွင့်ပြုမှာ မဟုတ်ဘူး။” “ကျွန်တော့်အိုင်ဒီယာကို ဘယ်သူမှ လက်ခံမှာ မဟုတ်ဘူး။” “ဆရာတွေက ကျွန်တော်ကို အမြဲပဲ နှုတ်ဆိတ်ထားခိုင်းတယ်။” “သူတို့ နားထောင်မှာ မဟုတ်ဘူး။” “ကျွန်တော့်အပြစ်မဟုတ်ဘူး။” “အစကတည်းက ခင်ဗျား ကျွန်တော်ကို ပြောပြထားသင့်တယ်။” “ကျွန်တော်စိတ်မ၀င်စားဘူး။” “ကျွန်တော် အရမ်းပင်ပန်းနေပြီ။” “ကျွန်တော် ဂရုကိုမစိုက်တာ။” “ဒါခင်ဗျားရဲ့ အပြစ်ပဲ။”
“ကျွန်တော့်ယုံကြည်ရာကို ကျွန်တော်ပြောခဲ့တယ်။” “ကျွန်တော်ကြိုးစားခဲ့တယ် မအောင်မြင်ခဲ့ဘူး။” “ကျွန်တော် လိုချင်တာ ကျွန်တော်ရခဲ့တယ်။” “ကျွန်တော့်ကိုယ်ပိုင်လုပ်ဆောင်မှုပါပဲ။” “အမြဲတမ်း လူကြိုက်မများပေမဲ့ ကျွန်တော် လုပ်ချင်တာကို ကျွန်တော်လုပ်ခဲ့တယ်။” “ကျွန်တော်ကြိုးစားဖို့ ရည်ရွယ်ခဲ့တာပဲ။”
အပေါ်ကစကားစု (၂) ခုမှာ ဘယ်စကားစုတွေက သင်နဲ့ ပိုပြီးရင်းနှီးပါသလဲ။ တကယ်လို့ ပထမစကားစုတွေက သင့်အတွက် ပိုပြီးရင်းနှီးတယ်ဆိုရင် လူသားချင်း အပြန်အလှန်အကျိုးဖြစ်ထွန်းစေတဲ့ ပေါင်းသင်းဆက်ဆံရေးက သင့်အတွက် အခက်အခဲ ဖြစ်နိုင်ပါတယ်။ တကယ်လို့ ဒုတိယစကားစုတွေဆိုရင်တော့ ကိုယ့်ကိုယ်ကို ဂုဏ်ပြု လိုက်ပါတော့။ ပထမစကားစုတွေက သင့်အပြုအမူအတွက်၊ သင့်အပေါ်ဖြစ်ပျက်သမျှ အရာအားလုံးအတွက် အခြားတစ်ယောက်ယောက်က တာဝန်ယူရတာဖြစ်ပြီး ဒုတိယစကားစုတွေကတော့ သင့်ကိုယ်သင် တာဝန်ယူရ တဲ့ အကြောင်းတွေဖြစ်ပါတယ်။
လူသားချင်း အပြန်အလှန်အကျိုးဖြစ်ထွန်းစေတဲ့ ပေါင်းသင်းဆက်ဆံရေးမှာဆိုရင် ဘာကိုယုံကြည်သလဲဆိုတော့ လူတွေဟာ သူတို့ကိုယ် သူတို့ တာဝန်ယူရမယ်၊ ဒါမှမဟုတ် သူတို့လိုအပ်ချက်ကို သူတို့ကိုယ်တိုင် ဖြည့်ဆည်း ရမယ်၊ ပြီးတော့ သူတို့ရဲ့ အမြင်တွေကို မျှဝေရမယ်ဆိုလို့ရှိရင် သူတို့ပိုပြီး သင်ယူနိုင်တယ်လို့ ယူဆပါတယ်။ ကိုယ့်လိုအပ်ချက်ကို ဖြည့်ဆည်းရာမှာ အခြားသူတွေရဲ့ လိုအပ်ချက်တွေကိုလဲ စဉ်းစားပေးဖို့ အရေးကြီးတယ်ဆိုပေမဲ့ တခြားလူတွေ ဘာလိုအပ်နေသလဲဆိုတာ သူတို့ကိုယ်တိုင် တာဝန်ယူပြီး မပြောပြသရွေ့ သင် ဘယ်တော့ မှ သိနိုင်မှာမဟုတ်ပါဘူး။ မကြာခဏဆိုသလိုပဲ လူတွေဟာ သူတို့လိုအပ်ချက်တွေပြည့်ဖို့ အခြားသူတွေကို တာဝန်ယူခိုင်းပြီးတော့ သူတို့လိုချင်တဲ့အရာတွေလဲ မရသလောက်ပါပဲ။ ဒါမှမဟုတ် သူများရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ သူတို့ရဲ့ အချိန်တွေသွားပြီးကုန်နေပြန်ရော။ သူတို့လိုချင်တဲ့အရာလဲ မရပါဘူး။ လူသားချင်း အပြန်အလှန်အကျိုးဖြစ်ထွန်းစေတဲ့ ပေါင်းသင်းဆက်ဆံရေးမှာဆိုရင် သင်တန်းသားတွေဟာ ပထမ နဲ့ အရေးကြီး ဆုံးက သူတို့ကိုယ်သူတို့ တာဝန်ယူရမှာပဲ ဖြစ်ပါတယ်။
သင်ယူမှုပတ်ဝန်းကျင်အများအပြားမှာဆိုရင် သင်တန်းဆရာက နေရာစီစဉ်တာ၊ လိုအပ်တဲ့ ပရိဘောဂထားပေး တာ၊ ကော်ဖီမုန့်စီစဉ်တာ၊ သင်ထောက်ကူပစ္စည်းတွေပြင်ဆင်တာ၊ သင်တန်းသားတွေ အဆင်ပြေမပြေ စောင့်ကြည့်တာ၊ သင်ကြားတဲ့ အကြောင်းအရာအားလုံးကို သင်တန်းသားတွေ သင်ယူမှုဖြစ်ဖို့ သေချာစေတာ စတာတွေကို ပြုလုပ်ရပါတယ်။ အချို့သော ပညာရေးအခြေအနေတွေမှာ ပြောသလို တကယ်လို့ ကျောင်းသား က မအောင်မြင်ဘူးဆိုရင် ဆရာလဲကျရှုံးတာပါပဲ။ သင်တန်းတွေကို တက်ရောက်ဖို့၊ ယင်းသင်တန်းတွေကို အနှောင့်အယှက်မပေးဖို့၊ ပို့ချတဲ့အကြောင်းအရာတွေကို မှတ်မိပြီး သင်ယူလွယ်ရန် စွမ်းအင်ရှိဖို့ စတာတွေဟာ များသောအားဖြင့် သင်တန်းသားတွေရဲ့ တာဝန်ဝတ္တရားတွေပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ သင်တန်းသားတွေရဲ့ သင်ယူမှုတွေအတွက် သင်ထောက်ကူပစ္စည်းတွေကို ပြင်ဆင်တာ၊ တင်ပြတာတွေဟာ များသောအားဖြင့် သင်တန်းဆရာရဲ့ တာဝန်တွေဖြစ်ကြပါတယ်။
သင်ယူမှုလေ့လာရေးမှာကြတော့ သင်ယူခြင်း နဲ့ လုပ်ဆောင်ချက်တွေအတွက် သင်တန်း သားနဲ့ သင်တန်းဆရာ နှစ်ယောက်စလုံးက တာဝန်ဝတ္တရားတွေကို မျှယူရပါတယ်။ ဒါကြောင့်မို့ တကယ်လို့ သင်တန်းသားတစ် ယောက်ဟာ ဆရာ့တင်ပြမှု ညံ့ဖျင်းတဲ့အတွက်ကြောင့် သင်ကြားတဲ့ အကြောင်းအရာကို နားမလည်ဘူးဆိုရင် သင်တန်းဆရာက တာဝန်မကျေဘူးလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ တကယ်လို့ သင်တန်းသားက အိပ်ရေးပျက် ခဲ့လို့၊ ဒါမှမဟုတ် မေးခွန်းမေးဖို့ စိတ်မ၀င်စားလို့ (ရှင်းလင်းမှုမရှိတာကို ပြန်မပြောလို့ စသဖြင့်) စတဲ့ အကြောင်းတရားတွေကြောင့် သင်ကြားတဲ့ အကြောင်းအရာကို နားမလည်ဘူးဆိုလို့ရှိရင် ဒါဟာ သင်တန်းသား ဘက်က သူ့ရဲ့ တာဝန်ဝတ္တရားကို သူမကျေတာပါပဲ။
တာဝန်ယူမှုခြင်းခြားနားပုံကို နားလည်သဘောပေါက်ဖို့ဆိုရင် သမာရိုးကျသင်ယူမှုပတ်ဝန်းကျင် နဲ့ လူသားချင်း အပြန်အလှန်အကျိုးဖြစ်ထွန်းစေတဲ့ ပေါင်းသင်းဆက်ဆံရေးပတ်ဝန်းကျင် နှစ်ခုကြားမှာရှိတဲ့ ခြားနားမှုတွေကို နားလည်ဖို့လိုအပ်ပါတယ်။ သင်ယူမှုလေ့လာရေးမှာဆိုရင် သင်တန်းဆရာများနဲ့ သင်တန်းသားများဟာ အသက်အရွယ်ချင်း သိပ်မကွာ လှပါဘူး။ သင်တန်းသားတွေဟာ များသောအားဖြင့် အရွယ်ရောက်ကြသူများ ဖြစ်ပြီး၊ အလုပ်တွေကိုယ်စီနဲ့ သင်တန်းကို လာတက်ကြတာဖြစ်ပါတယ်။ သူတို့ဟာ ရင့်ကျက်ဖို့ ကြိုးစားနေတဲ့၊ ပြီးတော့ သူတို့ရဲ့ နေထိုင်မှုကမ္ဘာကို ဘယ်လိုအဓိပါယ်ဖွင့်မလဲဆိုတာကို သင်တန်းဆရာတွေအပေါ် အားကိုး မှီခိုနေရတဲ့ ကလေး အရွယ် ကျောင်းသားတွေမဟုတ်ပါဘူး။ သင်တန်းဆရာဆီကနေ တခါတလေ အရေးကြီးတဲ့ ဗဟုသုတတွေ သယ်ဆောင်လာပေမဲ့ သင်ယူမှု အနည်းဆုံးတစ်ဝက်လောက်က လုပ်ဆောင်ချက်တွေမှာ ပါဝင် လုပ်ဆောင်ခြင်း၊ အတွေ့အကြုံပေါ်မှာ ပြန်လည်ဆန်းစစ်ခြင်းကနေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒီနေရာမှာ သင်တန်းသားတွေဟာ ပညာရှင် experts တွေဖြစ်ကြပါတယ်။ သူတို့ရဲ့ အတွေ့အကြုံကို သူတို့လောက် ဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူး။ သင်တန်းသားတစ်ယောက်ရဲ့ အပြုအမူကို သင်တန်းဆရာတစ်ယောက် အနေနဲ့ comment ပေးမယ်၊ သို့မဟုတ် သူများကို comment ပေးခိုင်းလို့ ရနိုင်ပေမဲ့ သူ့ရဲ့ လုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်၊ ခံစားချက်၊ တုံ့ပြန်ချက်အကြောင်းကို အဲ့ဒီသင်တန်းသား ကိုယ်တိုင်သာလျှင် သိနိုင်ပါတယ်။ ဒီကွဲပြားခြားနားမှုက တာဝန်ယူမှုအပေါ်ရှိတဲ့ သူတို့ရဲ့အမြင်ကို ကွဲပြားသွားစေပါတယ်။ သင်တန်းသား တစ်ယောက်ရဲ့ လိုအပ်ချက် သို့မဟုတ် ခံစားချက်တွေကို သင်တန်းဆရာ အနေနဲ့ သတိမထားမိနိုင်တဲ့ အတွက်ကြောင့် သင်တန်းသားတွေက ပြောပြဖို့ တာဝန်ယူကျင့်သုံးရမှာ ဖြစ်ပါတယ်။
သင်တန်းသားတွေ သူတို့ကိုယ်တိုင်အတွက် တာဝန်ယူခြင်း
သင်တန်းသားရဲ့ အဓိကတာဝန်က လေ့လာသင်ယူရေးမှာ သူတို့ရဲ့ လိုအပ်ချက် (needs) ကို သိရှိအောင် လုပ်ရမှာ ဖြစ်ပြီး၊ အဲ့ဒီလိုအပ်ချက်တွေကို ပြောပြရပါမယ်။ ပြီးတော့ ဘယ်အချိန်မှာ ဘယ်လောက် ပူးပေါင်း ပါဝင်မယ်ဆိုတာကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ဒါတွေဟာ သင်တန်းသားတွေရဲ့ အဓိကတာဝန်တွေ ဖြစ်တယ်။ အဲ့ဒီလိုအပ်ချက်တွေ ပြည့်မီဖို့ဆိုတာ သူ့မှာ လုံးဝတာဝန်ရှိတယ်ဆိုတာ မှတ်သားထားဖို့ အရေးကြီးပါတယ်။ တခါတလေ သင်တန်းသားတစ်ယောက်ဟာ သူ့ရဲ့ လိုအပ်ချက်တွေ မပြည့်မီဘူးဆိုတာကို သင်တန်းဆရာ (သို့မဟုတ်) အခြားသင်တန်းသားတစ်ယောက်ယောက်က ပြောထွက်လာအောင်၊ သတိထားမိလာအောင် သွားပြီးစောင့်ဆိုင်းနေတတ်ပါတယ်။ ဒါပေမဲ့ မကြာခဏဆိုသလိုပါပဲ အဲ့ဒီသင်တန်းသားရဲ့ လိုအပ်ချက်ကို ဘယ်သူမှ သတိမထားတတ်မိကြပါဘူး။ အခြားဖြစ်လေ့ဖြစ်ထရှိတာတစ်ခုက သင်တန်းသားဟာ သူ့ရဲ့ အရင် တုန်းက တွေ့ကြုံခဲ့တဲ့၊ သင်တန်းဆရာကပဲ အားလုံးတာဝန်ယူတဲ့ သင်ယူမှုပတ်ဝန်းကျင်ကို အခြေခံပြီး သူ့ရဲ့ လိုအပ်ချက်အတွက် လိုအပ်သမျှ အရင်းအမြစ်တွေ၊ ပညာတွေကို သင်တန်းဆရာကပဲ သင်ကြားပေးမယ်လို့ သွားပြီးမျှော်လင့်နေတတ်ပါတယ်။ အချိန်တွေကို စောင့်စားရင်းနဲ့ပဲ ကုန်ဆုံးသွားပါတော့တယ်။
သင်တန်းသားတွေဟာ သူ့ရဲ့ ပြုမူလုပ်ဆောင်ချက်အတွက် တာဝန်ရှိသလို အခြားလူတွေကြောင့် သူ့ရဲ့အချိန်ကို မဖြုန်းမိဖို့လဲ မြင်တတ်ဖို့ တာဝန်ရှိပါတယ်။ ဒါကြောင့် တကယ်လို့ လုပ်ဆောင်ချက် တစ်စုံတစ်ရာဟာ သင့်ရဲ့ လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်ဘူးဆိုရင် သင်တာဝန်ယူပြီးတော့ ပြောရမှာ ဖြစ်ပါတယ်။ ဒီလိုပါပဲ သင်တန်းကို တာဝန်ယူရတဲ့ ၀န်ထမ်းတွေက သင်တန်းသားတစ်ယောက်ကို အင်အားသုံးပြီး ပါဝင်လုပ်ဆောင်ဖို့ ဘယ်တော့မှ မလုပ်ပေမဲ့ တခါတလေ သင်တန်းသားတွေ လုပ်ချင်တဲ့ အတိုင်းအတာထက် ပိုပြီးလုပ်ဆောင်ရတဲ့အချိန်တွေ ရှိလာတတ်ပါတယ်။ အဲ့လိုဖြစ်လာရင် သင်တန်းသားဟာ သူ့ရဲ့ သဘောမတူညီမှုကို ဖွင့်ဟပြောဆိုဖို့ လိုအပ် ပါတယ်။
အခြားသူများအပေါ် တာဝန်ယူမှု
သင်တန်းသားတစ်ယောက်ရဲ့ တာဝန်ဟာ သူ့အတွက်လို့ အဓိကပြောနိုင်ပေမဲ့ သူ့လုပ်ဆောင်ချက်ရဲ့ အကျိုးဆက်ကိုလဲ တာဝန်ယူရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အပြုအမူဟာ အခြားလူတွေအပေါ် သက်ရောက်မှုရှိလို့ပါပဲ။ ဒါကြောင့် တကယ်လို့ သင်တန်းဟာ သူ့အတွက် ပျင်းရိနေတယ်ဆိုရင် ထုတ်ဖော် ပြောသင့်ပါတယ်။ တချိန်ထဲမှာပဲ အခြားသင်တန်းသားတွေဆီကနေ ထွက်ပေါ်လာတဲ့ ဒေါသ၊ နာကျင်ထိခိုက်မှု၊ စိတ်သက်သာမှုစတဲ့ တုန့်ပြန်မှုတွေကိုလဲ တုန့်ပြန်ဖို့ စိတ်ဆန္ဒရှိရပါမယ်။
သင်တန်းသားတွေဟာ သင်တန်းဝန်ထမ်းတွေအပေါ်မှာလဲ တာဝန်ဝတ္တရားရှိပါတယ်။ သမာရိုးကျ ကျောင်းသား /ဆရာဆက်ဆံရေးမှာ ကျင်လည်ခဲ့ရတဲ့ သင်တန်းသားများဟာ မကြာခဏဆိုသလိုပဲ သင်တန်းကို အသင်ခံဖို့ သက်သက် ရောက်လာပြီး သင်တန်းဆရာကလဲ ဘယ်သူမှ မတက်ပေမဲ့ စာသင်ခန်းထဲလာထိုင်ပြီး အချိန်တန်ရင် လခထုတ်သွားတာပဲရှိပါတယ်။ ကျောင်းသားတွေက သူတို့ အသုံးပြုနိုင်မယ့်ဟာတွေယူ၊ ကျေနပ်ပျော်ရွှင် ဒါမှမ ဟုတ် စိတ်ဓါတ်တွေကျ၊ ပြီးတော့ ဘယ်တော့မှ မတည်ရှိခဲ့တဲ့ ကျောင်းသား/ဆရာ ဆက်ဆံရေးတွေ ကုန်ဆုံး။ စက်ရုပ်လို ပုံစံခွက်နဲ့ သွားနေကြတာပဲ များပါတယ်။ လူသားချင်း အပြန်အလှန်အကျိုးဖြစ်ထွန်းစေတဲ့ ပေါင်းသင်း ဆက်ဆံရေးမှာကြတော့ သင်တန်းဆရာနဲ့ သင်တန်းသားဆက်ဆံမှုဟာ ခြားနားတဲ့ သွင်ပြင်လက္ခဏာတွေ ရှိပါတယ်။ များသောအားဖြင့် သင်တန်းဆရာက သီအိုရီတွေ နည်းလမ်းတွေသာမက သူတို့ရဲ့အကြောင်းတွေ တန်ဖိုးထားမှုတွေရော တင်ပြကြတာများပါတယ်။ စိန်ခေါ်မှုတွေကိုလဲ လက်ခံဖို့ တံခါးဖွင့်ထားပါတယ်။ သင်တန်း သားတွေဟာ သူတို့ရဲ့ လိုအပ်ချက်ပြည့်မီဖို့အတွက် ကြိုးစားဖို့တာဝန်ရှိသလို တချိန်ထဲမှာပဲ သင်တန်းဆရာကို သူတို့ရဲ့ သင်ကြားမှုဟာ ဘယ်လောက်သက်ရောက်မှုရှိတယ် ဆိုတဲ့အကြောင်းကို အချိန်မှန် feedback ပေးဖို့ တာဝန်လဲရှိပါတယ်။ တကယ်လို့ အဲ့လိုမျိုး နှစ်လမ်းသွား ဒိုင်ယာလော့ခ်မရှိခဲ့ဘူးဆိုရင် ဒီလေ့လာသင်ယူမှုဟာ စက်ရုပ်လိုသင်ယူမှုပတ်ဝန်းကျင်ဖြစ်သွားပြီးတော့ ဆရာက သင်ကြားတဲ့ အကြောင်းအရာကို ကျောင်းသားက အသင်ကြားခံဖြစ်ပြီး အပြုသဘောဆောင်တဲ့၊ ထိရောက်တဲ့ ပြုမူဆက်ဆံမှုမျိုး ဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး။
ဝန်ထမ်းများရဲ့ တာဝန်ဝတ္တရားများ
သမာရိုးကျသင်ယူမှုပတ်ဝန်းကျင်မှာ ၀န်ထမ်းများဟာ သင်တန်းဆရာ/ခေါင်းဆောင်တွေရဲ့ တာဝန်ဝတ္တရားလို အများအပြားတူညီကြပါတယ်။ သင်တန်းအတွက် ပြင်ဆင်ဖို့နဲ့ သင်တန်းပေးမယ့် အကြောင်းအရာကို ကောင်းမွန်စွာသိနားလည်ထားဖို့ တာဝန်ဝတ္တရားရှိကြပါတယ်။ စိတ်ကုဆရာဝန် (သို့မဟုတ်) ဆရာဝန်တစ်ယောက်လိုလဲ ပရော်ဖက်ရှင်နယ်ဆန်တဲ့ တာဝန်တွေရှိကြပါတယ်။
သင်တန်းသားတွေနဲ့အတူ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရပါတယ်။ အတန်းကို အချိန်မှန်ရောက်လာဖို့၊ ဂတိပေးထားတဲ့အတိုင်း သင်ထောက်ကူပစ္စည်းများ ပေးအပ်ဖို့၊ နောက်ကျပြီးမှ အတန်းမပြီးဖို့၊ သင်တန်းအစီအစဉ်အတိုင်း သင်ကြားပေးဖို့ စတာတွေပါဝင်ပါတယ်။
သင်တန်းကိုလဲ ပညာရှင်ပီသစွာ သင်ကြားဖို့ တာဝန်ရှိပါတယ်။ သင်ကြားမယ့်ခေါင်းစဉ်တွေကို ရွေးချယ်ပြီးပေးတာ၊ လေ့ကျင့်ခန်းတွေပေးတာ၊ ဒါမှမဟုတ် သင်တန်းသားတွေကို စတင်နိုင်အောင် ဘာမှမလုပ်ပဲနေတာ၊ သို့မဟုတ် သင်တန်းသားတစ်ယောက်နဲ့ စကားပြောတာ၊ သူတို့ရဲ့ အပြုအမူတွေကို စိန်ခေါ်တဲ့ အပြုအမူတွေကို လုပ်တာ စသဖြင့် လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမဲ့ သင်တန်းဆရာတစ်ယောက်အနေနဲ့ နှုတ်ဆိတ်နေတဲ့ သင်တန်းသားတစ်ယောက်ကို အတင်းဆွဲခေါ်ပြီး စကားပြောခိုင်းဖို့ တာဝန်မရှိပါဘူး။ သို့မဟုတ် စကားအရမ်းပြောလွန်းတဲ့ သင်တန်းသားကိုလဲ ကြားဖြတ်ပြီး အတင်းရပ်ခိုင်းတာမျိုး မလုပ်ရပါဘူး။ သင်ယူမှုဟာ များသော အားဖြင့် သမာရိုးကျ တာဝန်ရှိသူတွေလုပ်သလို အတင်းဝင်ရောက်စွက်ဖက်တာ မလုပ်ပဲနဲ့ သင်တန်းသားတွေက သူတို့တွေရဲ့ လိုအပ်မှုအပေါ် ပြုမူလုပ်ဆောင်ရာကနေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
သင်တန်းဆရာတွေဟာ သင်ယူမှုအတွက် သင့်တော်တဲ့ စံနှုန်းတွေကို စံပြအဖြစ် လိုက်နာဖို့လဲ တာဝန်ရှိပါတယ်။ သင်တန်းဆရာ အချင်းအချင်းဖြစ်စေ သင်တန်းသားတွေနဲ့ ဖြစ်စေ ပြောဆိုဆက်ဆံရာမှာ ရိုးသားပြီး၊ တိုက်ရိုက် ဆက်ဆံရမှာ ဖြစ်သလို၊ feedback အတွက် တံခါးဖွင့်ထားရမှာ ဖြစ်ပြီး၊ ခံစားချက်တွေကိုလဲ ထုတ်ဖော်ပြီး စွန့် စားမှု (risks) တွေလဲ ယူရဲရမှာ ဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ သင်တန်းဆရာအချင်းချင်းရဲ့ သင်ကြားမှုဆိုင်ရာ အပြုအမူ၊ တင်ပြပုံပြနည်း၊ ဘာသာရပ်အကြောင်းတွေအပေါ်မှာ feedback ပေးရမှာ ဖြစ်သလို၊ အုပ်ချုပ်ရေးပိုင်းမှာလဲ အကူအညီပေးရမှာ ဖြစ်ပြီး၊ အထောက်အပံ့ရော စိန်ခေါ်မှုတွေပါ ပေးရမှာ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောရရင် အပြန်အလှန်အကျိုးဖြစ်ထွန်းစေတဲ့ ပေါင်းသင်းဆက်ဆံရေး နယ်ပယ်မှာပါဝင်တဲ့ အဖွဲ့ဝင်တိုင်းဟာ သူတို့ရဲ့ ကိုယ်ပိုင်သင်ယူမှုနဲ့ လုပ်ဆောင်မှုကို အဓိကတာဝန်ယူရမှာ ဖြစ်ပါတယ်။ သင်တန်း ဆရာတွေဆီမှာ သတ်မှတ်ထားတဲ့ တာဝန်ယူမှုတွေ ရှိနေစဉ်မှာ သင်တန်းသားတွေ ဘယ်လောက်ပူးပေါင်းပါ ၀င်တယ်၊ ဒါမှမဟုတ် သင်တန်းသားတစ်ဦးချင်းစီရဲ့ သင်ယူမှုပမာဏတွေအပေါ်မှာတော့ တာဝန်မရှိပါဘူး။ သင်တန်းသားတွေရဲ့ အဓိကတာဝန်ဝတ္တရားတွေက သူတို့ရဲ့ ကိုယ်ပိုင်ရည်မှန်းချက် နဲ့ လိုအပ်ချက်များကို တန်ဖိုးဖြတ်ရန်နဲ့ အဲ့ဒီရည်မှန်းချက်ပန်းတိုင်တွေ နဲ့ လိုအပ်ချက်တွေ ပြည့်စုံအောင် လုပ်ဆောင်ရန် တာဝန် ရှိပါတယ်။ အသင်းဖွဲ့တစ်ခုမှာရှိတဲ့ သင်တန်းသားများဟာ အချင်းချင်း အပြန်အလှန်မှီခိုနေကြပြီး တကယ်လို့ သင်တန်းသားတိုင်းဟာ အပြည့်အ၀တာဝန်ယူသူများအဖြစ် လုပ်ဆောင်တဲ့အခါ အဲ့ဒီ အပြန်အလှန်မီခိုမှုဟာ အကောင်းဆုံးနဲ့ အကျိုးအရှိဆုံး ဖြစ်လာပါလိမ့်မယ်။
စိုင်းအောင်သိန်း ဘာသာပြန်သည်။
Source: On Responsibility, Or, “Who’s Responsible Around Here Anyhow?” by Tom Isgar
