Magga Education (မဂ္ဂပညာရေး) သည် ၎င်း၏ Soft Skills for Youth Development သင်တန်းအပတ်စဉ် (၁) ကို အောင်မြင်စွာ တက်ရောက်ခဲ့ကြတဲ့ သင်တန်းသူ/သားများအတွက် သင်တန်းဆင်းပွဲကို လွန်ခဲ့တဲ့ ဇွန်လ (၁၁) ရက်နေ့ စနေနေ့တွင် ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။ သင်တန်းဆင်းပွဲတွင် မဂ္ဂပညာရေး၏ Soft Skills for Youth Development အစီအစဉ်ကို ကူညီထောက်ပံ့ပေးသည့် FHI 360 ၏ ဒုတိယအကြီးအကဲ Ms Choo Phuah ၊ မဂ္ဂပညာရေး၏ ပူးတွဲတည်ထောင်သူ နှင့် အကြံပေး မသဇင်ငြိမ်းကျော်တို့မှ သင်တန်းသူ/သားများအတွက် အထောက်အကူဖြစ်စေမယ့်၊ လူငယ်များအတွက် ခွန်အားဖြစ်စေမယ့် အမှာစကားများ တက်ရောက် ပြောကြားသွားခဲ့ပါတယ်။
သင်တန်းကို ပြီးဆုံးတဲ့အထိ တက်ကြွစွာ ပူးပေါင်းပါဝင်ပြီး အတူတကွ ဆွေးနွေး လေ့လာသင်ယူခဲ့ကြတဲ့ သင်တန်းသူ/သားများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ စိတ်အားထက်သန်တဲ့၊ လေ့လာသင်ယူလိုစိတ်ပြင်းပြတဲ့၊ မဆုတ်မနှစ်ကြိုးစားချင်တဲ့ လူငယ်များနှင့် အတူတကွလေ့လာသင်ယူခွင့်ရခဲ့တဲ့အတွက်လည်း မဂ္ဂပညာရေးမှ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။
ဒီတစ်ပတ်တွင် Soft Skills for Youth Development သင်တန်း အပတ်စဉ် (၂) ကို စတင်ဖွင့်လှစ်ပေးနေပြီ ဖြစ်ပါတယ်။ တကယ်လို့ နောက်နောင်ဖွင့်မယ့် သင်တန်းအပတ်စဉ်တွေကို တက်ရောက်ဖို့ စိတ်ဝင်စားပါက ကျွန်ုပ်တို့ရဲ့ Facebook စာမျက်နှာကနေ ထပ်မံကြေညာသွားမယ့် ကြေညာချက်တွေကို စောင့်ကြည့်သွားဖို့ တိုက်တွန်းချင်ပါတယ်။
ဒီသင်တန်းကို တက်ရောက်ပြီး ဘယ်အရာတွေကို လေ့လာသင်ယူသွားခဲ့ရသလဲဆိုတာ သင်တန်းသူ/သားများရဲ့ ပြောစကားတချို့ကို မျှဝေပေးလိုက်ပါတယ်။
“မိမိရဲ့ကိုယ်ပိုင်ဖွံ့ဖြိုးမှု နှင့် ကျွမ်းကျင်မှုများကို သိမြင်လာပါတယ်။ ပတ်ဝန်းကျင်နှင့် ပတ်သတ်ပြီး မိမိရဲ့အတွေးအမြင်တွေ ပိုမိုကျယ်ပြန့်စွာသိလာပါတယ်။ မိမိရဲ့လုပ်နိုင်စွမ်းကို ချပြရမှာ မကြောက်မဝံ့ မဖြစ်တော့ပါ။ သူတစ်ပါးအပေါ် အမြင်နဲ့သာ မဝေဖန်ဘဲ သူ့ရဲ့ဖြစ်တည်မှုကိုလည်း မိမိသာမက မိမိမိသားစု ပတ်ဝန်းကျင် လူမှုအသိုင်းအဝိုင်းကပါ နားလည်လက်ခံ နိုင်အောင် မိမိအနေနဲ့အကောင်းဆုံးအသုံးချသွားပါမည်လို့ ရည်ရွယ်ပါတယ်။”
“ဒီကနေပြီးတော့ အကြိုက်ဆုံးကတော့ breakout session ကို join ပြီး တစ်ယောက်ရဲ့ အတွေးကို ဖလှယ်ကြတာ အကြိုက်ဆုံးပါဘဲ။ အကုန်လုံးဆီကနေပြီးတော့ အတွေ့အကြုံတွေ အတွေးတွေ အများကြီးကို ရလိုက်ပါတယ်။ ဒီကရတဲ့ ပညာတွေကို နေ့စဉ် လူမှုဆက်ဆံရေးမှာရော လိုအပ်တဲ့နေရာတွေမှာ အသုံးချသွားမယ်လို့ ရည်ရွယ်ထားပါတယ်။”
“ကိုယ့်ဆီမှာ ဘယ်လိုအရည်အချင်းတွေရှိထားပြီလဲ ဆိုတာရယ် leadership နဲ့ပတ်သက်တာတွေရယ် ရည်မှန်းချက်ကို ဘယ်လိုဖြစ်မြောက်အောင် လုပ်ဆောင်ရမယ်ဆိုတာရယ် ပြသနာတွေ ဘယ်လိုဖြေရှင်းရမယ်ဆိုတာရယ် ဆုံးဖြတ်ချက် တစ်ခုချတဲ့အခါ PAUSE ကို ဘယ်လိုအသုံးချရမယ် ဆိုတာတွေကို သိခဲ့ရပါတယ်။ ဘယ်လိုအသုံးချရမလဲ ဆိုတော့ အဲ့အရာတွေက ကိုယ်အမြဲ မဟုတ်ရင်တော့ တစ်နည်းနည်းနဲ့ ကြုံတွေ့ရမည့် အရာတွေ ဖြစ်တဲ့အတွက်ကြောင့် ကြုံတွေ့လာတဲ့အခါ သိထားတဲ့အရာတွေကို အကောင်းဆုံးဖြစ်အောင် အသုံးချသွားမှာ ဖြစ်ပါတယ်။”
“ပြသာနာအရင်းအမြစ်ရှာသောသင်ခန်းစာနှင့် SMART ဖြစ်သော ရည်မှန်းချက်အပိုင်းသည် ကျွန်မအတွက် အရမ်းအရေးကြီးပြီး သင်ယူရရှိသွားသည့်အပိုင်း ဖြစ်ပါသည်။ လိုအပ်နေသောအပိုင်း ဖြစ်နေသောကြောင့် ချက်ချင်းအသုံးချနေပါသည်။ ကျွန်မ ချမှတ်ထားသော ရည်မှန်းချက်မှာ SMART မဖြစ်သဖြင့် ပြန်လည်ပြင်ဆင်ချမှတ်ခဲ့ရပါသည်။”
“I learned about decision making skill, effective communication skill, leadership skill, public speaking skill mostly which will all be of great help for my future career development.”