Soft Skills for Youth Development သင်တန်းကို တက်ရောက်နေကြတဲ့ သင်တန်းသူ/သားများသည် လွန်ခဲ့သော တနင်္ဂနွေနေ့တွင် သင်တန်းကို အောက်မြင်စွာ တက်ရောက်ခဲ့ကြပြီး ဖြစ်ပါတယ်။ သင်တန်းကို ပြီးဆုံးတဲ့အထိ တက်ကြွစွာ ပူးပေါင်းပါဝင်ပြီး အတူတကွ ဆွေးနွေး လေ့လာသင်ယူခဲ့ကြတဲ့ သင်တန်းသူ/သားများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ စိတ်အားထက်သန်တဲ့၊ လေ့လာသင်ယူလိုစိတ်ပြင်းပြတဲ့၊ မဆုတ်မနှစ်ကြိုးစား ချင်တဲ့ လူငယ်များနှင့် အတူတကွလေ့လာသင်ယူခွင့်ရခဲ့တဲ့အတွက်လည်း မဂ္ဂမှ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။
ဒီသင်တန်းမှာ အထူးဧည့်သည်တွေအနေနဲ့ သူတို့ရဲ့ အတွေ့အကြုံတွေကို လာပြီးမျှဝေပေးတဲ့ ဆရာမ နွယ်နီဝင်း၊ ဆရာမ နန်းကေသွယ် နဲ့ ဆရာမ ကျော့သူဇာ တို့ကိုလည်း မဂ္ဂမှ ကျေးဇူးအထူးတင်ရှိတဲ့အကြောင်း ပြောကြားလိုပါတယ်။ ဆရာမ နွယ်နီဝင်းမှ စိတ်ခံစားမှု နှင့် စိတ်ဖိစီးမှုတွေကို ဘယ်လို manage လုပ်မလဲဆိုတဲ့ ခေါင်းစဉ်နဲ့ ပါဝင်ဆွေးနွေးပေးခဲ့ပြီး၊ ဆရာမ နန်းကေသွယ်က ပဋိပက္ခတွေကို ဘယ်လို အသွင်ပြောင်းနိုင်မလဲ နှင့် ဆရာမ မကျော့သူဇာမှ ခေါင်းဆောင်မှု leadership အကြောင်းနဲ့ ပတ်သက်ပြီး သင်တန်းသူ/သားများကို မျှဝေပေးသွားခဲ့ပါတယ်။
မဂ္ဂပညာရေးအနေနဲ့ လူငယ်များအတွက် လိုအပ်နေသော ဗဟုသုတ၊ အတတ်ပညာ နှင့် စိတ်နေသဘောထား တွေကို ဒီ့ထက်ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဖြည့်ဆည်းပေးဖို့ ဒီလိုမျိုး သင်တန်းများကို ထပ်မံဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီသင်တန်းကို လူငယ်တွေအတွက် လုပ်ဆောင်ပေးချင်တဲ့ ရည်ရွယ်ချက်ဆန္ဒကြောင့် သင်တန်းအခကြေးငွေ ကောက်ခံခဲ့ခြင်းမရှိပါဘူး။ သင်တန်းသူ/သားများ ထည့်ဝင်ချင်တဲ့ ပမာဏကို အလှူငွေအနေနဲ့ ထည့်ဝင်စေခဲ့ပါတယ်။ သင်တန်းသူ/သား (၅) ယောက်ဆီကနေ အလှူငွေ (၅၈၅၀၀) ကျပ်ကို မဂ္ဂမှ လက်ခံရရှိခဲ့ပါတယ်။ ထည့်ဝင်လာတဲ့ အလှူငွေကို သင်တန်းအတွက် လိုအပ်တဲ့ ပစ္စည်း၊ အင်တာနက်၊ Zoom အတွက် အသုံးပြုခဲ့ပါတယ်။ အလှူငွေထည့်ဝင်ပေးတဲ့ သင်တန်းသူ/သားများကိုလည်း ကျေးဇူးအထူး တင်ရှိပါတယ်။
ဒီသင်တန်းကို နောက်နောင် သင်တန်းကြေး အခမဲ့ဖြင့် ဆက်လက်ပြီး ဖွင့်လှစ်ပေးသွားနိုင်ဖို့ မဂ္ဂပညာရေးမှ ကြိုးစားနေပါတယ်။ တကယ်လို့ တက်ရောက်ဖို့ စိတ်ဝင်စားပါက ကျွန်ုပ်တို့ရဲ့ Facebook စာမျက်နှာကနေ ထပ်မံကြေညာသွားမယ့် ကြေညာချက်တွေကို စောင့်ကြည့်သွားဖို့ တိုက်တွန်းချင်ပါတယ်။ ဒီသင်တန်းကို တက်ရောက်ပြီး ဘယ်အရာတွေကို လေ့လာသင်ယူသွားခဲ့ရသလဲဆိုတာ သင်တန်းသူ/သားများရဲ့ ပြောစကားတချို့ကို မျှဝေပေးလိုက်ပါတယ်။
“သင်တန်းကို ပြီးဆုံးတဲ့အထိတက်ရောက်ခဲ့ပါတယ်။ ကျွန်တော့်အတွက်ကတော့ ဒီလိုသင်တန်းမျိုးတက်တာ ပထမဆုံးအကြိမ်ပါ။ များသောအားဖြင့်ဘာသာစကားသင်တန်းတွေပဲတက်နေဖြစ်ခဲ့တာပါ။ အဆုံးထိ ဘာဖြစ်လို့ တက်ရောက်ဖြစ်လဲဆိုရင်တော့ သင်ခန်းစာတွေက တစ်ခုနဲ့တစ်ခု ဆက်နွယ်မှုရှိနေတော့ တစ်ရက်တက်ပြီးရင် နောက်နေ့ပါ တက်ဖြစ်တာပါ။ ပထမကဒီလိုသင်တန်းမျိုးက ကျွန်တော်နဲ့အဆင်ပြေပါ့မလား စိတ်ပူမိခဲ့သေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အသက်ကလည်း တစ်ခြားသူတွေထက်နဲနဲငယ်ပြီး အတွေ့အကြုံလည်းမရှိဘူးတော့ သင်ခန်းစာတွေနားမလည်မှာကြောက်ခဲ့တာပါ။ ဒါပေမယ့် တဖြည်းဖြည်းတက်ရင်း လွယ်လွယ်ကူကူ အံဝင်ဂွင်ကျ ဖြစ်လာနိုင်ခဲ့ပါတယ်။ ပြီးတော့ ဆရာက နားလည်ပေးပြီး စကားပြောကောင်းတော့ pressure ရော concern ရော မရှိတော့ပဲ လွတ်လွတ်လပ်လပ်ဖြစ်တဲ့ ခံစားချက်နဲ့ တက်ဖို့ဆက်တက်ဖို့ စိတ်ဖြစ်လာခဲ့တာပါ။” ~ရန်မိုးအောင်~
“ဒီသင်တန်းကိုစစတက်တုံးက စိုးရိမ်မှုတွေများခဲ့ပါတယ်။ ကိုယ်က hard skill နဲ့ဘဲ ရင်းနီးကျွမ်းဝင်ပြီး soft skill က လုံးဝစိမ်းနေတဲ့အတွက် လိုက်နိုင်ပါမလား အဆင်ပြေပါမလား တွေးခဲ့မိတယ်။ ဒါမဲ့ စတက်လိုက်ကတည်းက ဆရာကလဲ ဖော်ရွေတယ် စိတ်လဲရှည်တယ် မရှင်းတာတွေလဲ သေချာပြန်ရှင်းပြတယ် နောက်ထပ်ခေါ်ပေးတဲ့ teacher တွေကလဲ အဆင်ပြေတယ်။ ကိုယ်မလုပ်နိုင်ခဲ့တဲ့ emotion stress တွေ ကိုယ်မသိခဲ့တဲ့ ကိုယ့်အကြောင်းတွေကို တဖြည်းဖြည်းဖော်ထုတ်လာနိုင်တယ်။ အခြားသူတွေနဲ့ communication လုပ်တဲ့အချိန်မှာလဲ ပိုပြီးစဥ်းစားတတ်လာတယ်။ သူကဘယ်လိုလူမျိုးလဲ ဆိုတာ အရင်တွေးတတ်လာတယ် ကြုံလာမဲ့ conflict တွေ ကြုံနေရတဲ့ conflict တွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲ ဘယ်လိုဖြေလျော့ရမလဲ ဆိုတာ ပိုပြီးသိလာရတဲ့အတွက် ကိုယ့်ရဲ့ ရင့်ကျက်မှု level တက်လာတယ်လို့ မြင်မိတယ်။ သင်တန်းမတက်ခင်တုံးက နဲ့ သင်တန်းပြီးသွားတဲ့ နှစ်ခုကို ပြန်တွေးလိုက်ရင် လုံးဝကွာခြားသွားပါတယ်။ ဒီထက်ပိုပြီး သင်ယူချင်သေးတဲ့အတွက် ၁၀ ရက် ခရီးလေးကတော့ တိုတယ်လို့ မြင်မိပါတယ် (just my opinion)။ ဒီသင်တန်းကို တက်ရောက်ခွင့်ရခဲ့တဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။ စိတ်ရှည်ရှည်နဲ့ သေချာရှင်းပြပေးတဲ့ ဆရာနဲ့ ဆရာမတွေကိုလဲ ကျေးဇူးတင်ပါတယ်။ (၃) နာရီထိုင်ပြီး တက်ရတဲ့အတွကိ break လေးကိုတော့ (၁) ခွဲ ကြားမှာ ပေးရင် ပိုအဆင်ပြေလောက်မယ်ထင်ပါတယ်။ activity တွေ လုပ်ရတာလဲ စိတ်ဝင်စားဖို့ကောင်းပြီး ပျော်ဖို့ကောင်းပါတယ်။” ~ဟန်နီကျော်~
“ဒီသင်တန်းမှာ ကျွန်မအတွက် အရေးကြီးတဲ့ အကြောင်းအရာက “ကျွန်ုပ်နှင့် ကျွန်ုပ်၏ပိုင်ဆိုင်မှုများ” နဲ့ SMART Goals ချတာပါပဲ။ ဘာကြောင့်လဲဆိုတော့ တစ်ခါတစ်လေမှာ ကိုယ့်မှာရှိပြီးသားအားသာချက်တွေ အခွင့်အလမ်းတွေတစ်ခါတစ်လေ မေ့မေ့နေတတ်တယ်။ ဒီလိုသင်တန်းတက်လိုက်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုပိုပြီးသတိထားမိလာတယ်။ နောက်တစ်ခု smart goals ပေါ့။ ဒီလို SMART Goals ချတတ်ဖို့ဆိုတာ တကယ်မလွယ်ဘူး ချဖို့လည်း မတွေးမိဖူးဘူး။ ဒီလိုချလိုက်ခြင်းအားဖြင့် ကိုယ်တကယ်သွားချင်တဲ့ပန်းတိုင်ကို ရောက်ဖို့လမ်းကြောင်းတွေ ပိုပြီးမြင်လာတယ်လို့မြင်တယ်။ အကယ်၍ လမ်းကြောင်းချော်ခဲ့ရင်လည်း ပြန်လည်သင့်မြတ်ဖို့အတွက် ပိုလွယ်ကူလာမယ်လို့ ယုံကြည်တယ်။ နောက်ထပ် ကိုယ့်အတွက် တိုးတက်ရာတိုးတက်ကြောင်းကိုလည်း အများကြီးလေ့လာခဲ့ရပါတယ်။” ~နန်းစံခေါန်~